kd-family
Pages
Home
ကိုကြီးအောင်ရဲ့ အပြန်လမ်းမဲ့ခရီး
ကိုကြီးအောင်ရဲ့ အပြန်လမ်းမဲ့ခရီး ဘာလိုလိုနဲ့ နှစ်သစ်ကူးခဲ့ပြီဆိုတော့ တယောက်ထဲတည်းခိုနေတဲ့ ရန်ကုန်တိုက်ခန်းကနေ ကိုကြီးအောင်ကို မဆီမဆိုင် သတိရနေမိတယ်။ ကိုကြီးအောင်လို့ ကျနော်တို့ကြားမှာ ချစ်စနိုးခေါ်ကြပေမဲ့ သူ့နာမယ်အရင်းက နိုင်အောင်တင်။ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကော့ဒွတ်ရွာက ရိုးသားဖြောင့်မတ်တဲ့ မျိုးချစ်တော်လှန်ရေးသမား၊ ဗုဒ္ဓဘာသာ ပရိယတ္တိစာပေ အကြီးတန်းအောင်ပြီးမှ လူ ဝတ်လဲပြီး ရန်ကုန်တက္ကသိုလ်မှာ သမိုင်းဘာသာ အဓိကနဲ့ ဘီအေ (ဝိဇ္ဇာ) ဘွဲ့ရပြီး မွန်အမျိုးသားရေးအတွက် သက်ဆုံး တိုင် အနစ်နာခံ ရုန်းကန်တိုက်ပွဲဝင်ခဲ့တဲ့ တော်လှန်ရေးသမားပါ။ သူခရီးထွက်မလို့ပြင်နေဆဲမှာ အသိတယောက်က “ဥက္ကဌ ဘယ်ကို ပြန်မလဲ” လို့ မေးတော့၊ ကိုကြီးအောင်က “ငါ့မှာ အပြန်လမ်းကြောင်းမရှိဘူး။ အသွားခရီးဘဲရှိတယ်။” လို့ ခပ်ပြတ် ပြတ် ပြန်ဖြေတယ်။ အခုတလော အပြင်ထွက်စရာ သိပ်မရှိတော့ တွေ့ကရာ သတင်းစာ၊ ဂျာနယ်တွေကို စိတ်ဝင်တစား လှန်လှော ကြည့်ဖြစ် တယ်။ အိပ်ရာထရင် စတုတ္ထမဏ္ဍိုင် မီဒီယာဖြစ်တဲ့ သတင်းစာ ဂျာနယ်တွေကိုဖတ်ရမှ ကျနော့်မနက်စာက လဖက်ရည် ပေါ့ ဆိမ့်ထက် ပိုပြီးအရသာရှိနေတယ်။ ရန်ကုန်တိုင်းမ်၊ သံလွင်တိုင်းမ်၊ ကြေးမုံ၊ ပြည်မြန်မာ၊ မော်ဒန်၊ သတင်းသစ်၊ ပန်း သတင်း (Flower News)၊ မြန်မာ့အလင်း နဲ့ Popular News, Myanmar News Week တွေက ကျနော့်စားပွဲခုံကို သိမ်းပိုက်ထားကြတယ်။ ၂၀၁၀ ရွေးကောက်ပွဲအပြီး သမ္မတဦးသိန်းစိန်အစိုးရတက်လာတဲ့နောက် ပြည်သူတွေ လွတ်လပ် စွာ ရဲရဲဝံ့ဝံ့ ပြောဆို ရေးသားလာကြတာ အားရစရာ။ ရန်ကုန်မြို့တော်ကြီးကို စင်ကာပူလို ကမ္ဘာ့အဆင့်မှီ ပြန်လည်တည်ဆောက်ဘို့ စီမံကိန်းတွေ ဆွဲနေတယ်၊ မီးရထားလမ်း၊ ကားလမ်းတွေ ဘယ်လိုဖေါက်မယ့်အကြောင်းတွေကို ဝမ်းသာအားရစွာ တွေ့ရတယ်။ သီလဝါ အထူးစီးပွားရေးဇုန်၊ ထား ဝယ် ရေနက်ဆိပ်ကမ်း၊ သံဖြူဇရပ်-ဘုရားသုံးဆူ မီးရထားလမ်း၊ စက်မှုဇုန်၊ ဟိုတယ်ဇုန်နဲ့ တန်ဘိုးနဲ အိမ်ယာ ဆောက်မဲ့သတင်းတွေ ပျော်ရွှင်အားရစရာပါ။ “မီဒီယာကို မှန်မှန်ကန်ကန်ဖြေပေးဖို့ ဝန်ကြီးများအား မှာကြားထားကြောင်း သမ္မတပြောဆို” “နေပြည်တော်တွင် ရွေးကောက်ပွဲစနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ” “မော်လမြိုင်တက္ကသိုလ် ဝန်းကျင် သာယာလှပရေး ပြင်ပကျောင်းဆောင်ပိုင်ရှင်များနှင့် တွေ့ဆုံဆွေးနွေး”။ ပြင်သင့်တဲ့ ဥပဒေတွေပြင်ဖို့ သမ္မတသဝဏ်လွှာပို့။ “စက်မှုလယ်ယာစနစ် အဆင့်မြင့် လယ်ယာမြေဧက ၃၀၀၀ ဖေါ်ထုတ်”၊ “လှည်းကူးဟိုတယ်ဇုန် လာပြီ” “ဆောင်းသီးနှံအတွက် ကျပ်သန်းပေါင်း ၅၉၀၀၀ ခန့် လယ်ယာဖွံဖြိုးရေးဘဏ်က ထုတ်ချေးမည်” ဆိုတာတွေနဲ့ သတင်းခေါင်းစဉ်များက တက်ကြွ ကျေနပ်စရာ။ ၂၀၁၂ ဟာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကျော်လွန်လာခဲ့ပြီ။ မွန်ပြည်နယ် မော်လမြိင်မြို့အခြေစိုက် သံလွင်တိုင်းမ်ဂျာနယ် ကတော့ “ပြည်နယ်ငြိမ်းချမ်းရေးပြန်လည်ရရှိခဲ့ပြီး နိုင်ငံတော် သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် မင်းကိုနိုင်ဦးဆောင်သည့် ၈၈ ကျောင်းသားများ လာရောက်၍ ပြည်သူလူထု မျက်စိဖွင့်နားဖွင့်နိုင်ရေး လှုပ်ရှားလုပ်ဆောင်ခဲ့သည်” လို့ သုံးသပ် ပြတယ်။ ဒီထက်ပိုပြီးဂုဏ်ယူဝင့်ကြွားစရာ၊ ၂၀၁၂ မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်သမ္မတကြီဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ဟာ ကမ္ဘာတစ်ဝန်း ထိပ်တန်း တွေးခေါ်မြော်မြင်သူ စာရင်းတွေထဲမှာ ပထမနေရာအပြင် Time မဂ္ဂဇင်းရဲ့ Person of the Year စာရင်းမှာလဲ ပူးတွဲရရှိခဲ့ကြတယ်။ ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကလဲ ဒီမိုကရေစီလမ်းကြောင်း ပေါ်ကနေ နောက်ပြန်မလှဲ့ဘူးလို့ အခိုင်အမာ ပြနေ တယ်။ ပြည်သူ့လွှတ်တော်အစည်းအဝး ပထမနေ့၊၂၀၁၃ နှစ်သစ် ဇန်နဝါရီ ၉ ရက် မှာ ဥပဒေစိုးမိုးခြင်း၊ တည်ငြိမ်အေးချမ်း ခြင်းတို့နဲ့အတူ ငြိမ်းချမ်းရေးအလျင်အမြန်ဖေါ်ဆောင်နိုင်ကြပါစေလို့ သူရဦးရွှေမန်းက သူ့နှုတ်ခွန်းဆက်စကားမှာ ဆုမွန် တောင်းခဲ့တယ်။ ဒီလိုအားရ ဝမ်းသာစရာသတင်းတွေသင်းပျံ့နေချိန်မှာ အခြားတဖက် ကချင်ပြည်နယ် သွေးချင်းသတင်းတွေ ကြားရတာ စိတ်မအေးစရာ ဖြစ်ရပါတယ်။ ညီအကိုတိုင်းရင်းသားတွေရဲ့ ဂျိန်းဖေါမြေမှာ ယမ်းငွေ့နဲ့ သေနတ်သံတွေကြောင့် စာသင် ကျောင်းတွေ၊ ဈေးတွေလဲပိတ်ခဲ့ရပြီ။ “လိုင်ဇာမှာ လေယာဉ်သံ၊ ဗုံးသံ ပလူပျံ ဆူညံနေတယ်။” (မော်ဒန် သတင်း ဂျာနယ်)၊ ပြည်တွင်းစစ်ဒဏ်ကြောင့် ကိုယ့်အိုးအိမ်နဲ့ ယာခင်းကို စွန့်ပြီးထွက်ပြေးရတဲ့ စစ်ပြေးဒုက္ခသည်တွေလဲ ၇၅၀၀၀ ဝန်းကျင် ရှိနေတယ်။ ကချင်စစ်ပွဲအတွင်း မြန်မာတပ်မတော်က လေကြောင်းအသုံးပြုမှုရှိတော့ လူတွေလဲသေတယ်လို့ သတင်းတွေ ကဖေါ်ပြတယ်။ မြစ်ကြီးနားမြို့ကစီးပွားရေးလုပ်ငန်းရှင် ငြိမ်းချမ်းရေးအကျိုးဆောင်ဦးယွပ်ဇော်ခေါင်က တိုင်းရင်းသားငြိမ်းချမ်းရေး အကောင် အထည်ဖေါ်ဖို့ ဒေါ်အောင်ဆန်းစုကြည်မှာလဲတာဝန်ရှိတယ်လို့တောင်းဆိုတာကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင် ဆန်းစုကြည်က အစိုးရရဲ့ခွင့်ပြုချက်မပါဘဲ ဝင်ရောက်ကူညီမှာမဟုတ်ဘူးလို့ ဇန်နဝါရီ ၆ ရက်ထုတ် ချယ်နယ်နယူး အေး ရှားသတင်းမှာ ပါလာတယ်။ နိုင်ငံတော်အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ မွန်ပြည်သစ်ပါတီနဲ့ ကရင်အမျိုးသားအစည်းအရုံးတို့ကတော့ ကချင် လွတ် လပ်ရေး လက်နက်ကိုင်တပ်ဖွဲ့ (KIA) နဲ့ အစိုးရတပ်မတော်ကြားက လက်နက်ကိုင်ပဋိပက္ခတွေကိုဖြေရှင်းဘို့ တောင်းဆို နေတယ်။ ရန်ကုန်မှာရော၊ တခြားမြို့တွေမှာပါ ကချင်ပြည်နယ်စစ်ပွဲရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် လူထုတွေ တောင်းဆို ဆန္ဒဖေါ်ထုတ်နေတယ်။ ၁၉၈၈ နောက်ပိုင်းမှာ နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှုဒဏ်ခတ်ခံရပြီး ကမ္ဘာ့ဆက်ဆံမှုအထီးကျန်ဘဝကနေ၂၀၁၀ ရွေး ကောက်ပွဲအပြီး အာဏာဆက်ခံတဲ့ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုကြောင့် နိုင်ငံတကာမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး သိက္ခာ ပြန်တက်လာနေတယ်။ အိမ်နီးချင်းအပြင် တခြားဥရောပ၊ အမေရိက အနောက်နိုင်ငံနဲ့ လက်တွဲ ပူးပေါင်းပြီး မြန်မာနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရက အစွမ်းကုန်ကြိုးစားနေတယ်။ ဒါပေမဲ့ ပြည်တွင်းစစ်မီးလျှံအရှိန်မသေသေးသ၍တော့ နိုင်ငံတော်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးကို အချိန်မီတည်ဆောက်ဘို့ မလွယ်လှပါ။ ၁၉၄၈ ကတဲက မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးတဲ့ နောက်ပိုင်း တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် တိုက်ပွဲတွေကိုလျစ်လျူရှု ငြင်းပယ်ခဲ့လို့လဲ လွတ်လပ်ရေးရခါစ ပြည်ထောင်စု မြန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေထက် စီးပွားရေးအရဖူလုံပြီး တိုးတက်ခေတ်မှီတဲ့ အနေအထားကနေ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖြစ်ကို ရောက်ခဲ့တယ်။ အခုဆိုရင် မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံကြီးတွေနဲ့ ရင်ဘောင်တန်းဘို့ မပြောနဲ့၊ အိမ်နီးချင်း လာအိုကို အမှီလိုက်နိုင်ဘို့ အများကြီး လျှောက်ရမှာပါ။ တခြား အေဆီယံအဖွဲ့ဝင် စင်ကာပူ၊ ထိုင်းနဲ့ မလေးရှားဆို ဝေလာဝေးပါဘဲ။ နိုင်ငံရေးလေ့လာသုံးသပ်သူ ဆရာကျော်ဝင်းပြောသလို “မြန်မာပြည်မှာက ဖွံဖြိုးရေးနောက်ကျနေလို့ ပြည်တွင်းစစ်ဖြစ်တာ မဟုတ်ဘူး။ ပြည်တွင်းစစ်ဖြစ်လို့ ဖွံ့ဖြိုးရေးနောက်ကျတာ” ဖြစ်ပါတယ်။ ပြည်တွင်းစစ်ရှည်ကြာတော့လည်း နိုင်ငံ့ စီးပွားရေး၊ ပညာရေး၊ ကျမ်းမာရေးတွေ ဆုတ်ယုတ်ကျဆင်းလာတယ်။ အခြေခံနိုင်ငံရေး ပြဿနာကို စားပွဲဝိုင်းပေါ် အဖြေမရှာနိုင်သမျှ ပြည်တွင်းစစ်မီးတွေတောက်ပြီး အခြေခံအဆောက်အအုံတွေပျက်စီးလာတယ်။ ပြည်သူလူထု ဆင်းရဲကျပ်တည်းလာပြီး စားဝတ်နေရေးမဖူလုံတော့ အကျင့်ပျက်ခြစားမှု၊ ရာဇဝတ်မှုတွေများလာမယ်။ အခွင့်ထူးခံ ခရိုနီတစုဘဲ ကောင်းစားပြီး အများစုနစ်နာတော့ လူ့အခွင့်အရေးတိုက်ပွဲတွေ၊ ဆန္ဒပြပွဲတွေနဲ့ ရင်ဆိုင်နေရမှာ သဘာဝပါ။ တချိန်တုံးက အာရှစပါးကျီလို့ သမုတ်ခံရပြီး တိုးတက်ခဲ့တဲ့ အနေအထားကနေ ကမ္ဘာ့အလယ်မှာ ဝင့်ဝင့်ကြွားကြွားပြန်လည်ရပ်တည်နိုင်ဘို့ ဝိုင်းဝန်းအဖြေရှာဘို့က ပြည်သူလူထုအားလုံးရဲ့ တာဝန်ပါဘဲ။ ဒီနေ့ ပထဝီနိုင်ငံရေးအရ အရေးကြီး နေတဲ့ကာလ၊ နိုင်ငံတကာရဲ့ အာရုံစူးစိုက်မှု အခွင့်ကောင်းတုံးအချိန်မှာ ခေါင်းဆောင်နဲ့ ပြည်သူ ရှေ့သွားနောက်လိုက် ညီ အောင် လျှောက်ဘို့တော့လိုပါပြီ။ သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရအဖွဲ့တက်လာပြီးတဲ့နောက်မှာ လက်နက်ကိုင်တိုင်းရင်းသား တော်လှန်ရေး အဖွဲ့ အစည်းတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု၊ အပစ်အခတ်ရပ်စဲမှုတွေရှိလာတဲ့ ဖြစ်စဉ်အမှန်တရားကို မှတ်တမ်းတင် အသိ အမှတ် ပြုရပါလိမ့်မယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းကြီးတွေဖြစ်တဲ့ ရှမ်းပြည်တပ်မတော် -တောင်ပိုင်း (SSA South)၊ မွန်ပြည်သစ်ပါတီ (New Mon State Party)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (Chin National Front) စတဲ့အဖွဲ့တွေနဲ့ သက်ဆိုင်ရာပြည်နယ်တွေမှာမက နေပြည်တော် (ပြည်ထောင်စုအစိုးရ) အဆင့်အထိ ဆွေးနွေးနိုင်ခဲ့ကြတာ ကြိုဆိုရပါလိမ့်မယ်။ ဒါပေမဲ့ ဒီအဆင့်နဲ့ မရပ်တန့်သင့်ဘဲ နိုင်ငံရေးအရ ကျယ်ကျယ်ပြန့်ပြန့် အဖြေရှာနိုင်ဘို့ တပြည်လုံးအပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်နိုင်အောင် ဆက်လှမ်းဘို့တော့ လိုပါတယ်။ မြန်မာနိုင်ငံရဲ့ ပြဿနာကို ဝိုင်းဝန်းအဖြေရှာနိုင်ဘို့ အဓိကအင်အားစုဖြစ်တဲ့ နိုင်ငံတော်အစိုးရ၊ ဒီမိုကရေစီအင်အားစုနဲ့ တိုင်းရင်းသားအဖွဲ့အစည်းကဘဲအခရာကျတာကို နိုင်ငံတကာရော ပြည်တွင်းနိုင်ငံရေးသမားကပါ လက်ခံနား လည်ပြီးသားမို့ သုံးပွင့်ဆိုင်အင်အားစုကဘဲ ဝိုင်းဝန်း လက်တွဲ အကောင်အထည်ဖေါ်ဘို့လိုအပ်ပါတယ်။ ကိုယ်ဆက် လျှေက်ရမဲ့ခရီးနီးသလား၊ ဝေးသလားဆိုတာ ကိုယ်တိုင်ဘဲသိတာမို့ စပ်ကူးမပ်ကူးကာလ တခြားစိမ်ခေါ်မှုတွေ၊ အခက်အခဲတွေကြောင့် ကြိုးရှည်လှန်ထားမယ်ဆိုရင်လဲ ပြေလည်မှာမဟုတ်ပါဘူး။ အချိန်ဆွဲ မသိကျိုး ကျွမ်ပြုတဲ့ အနေအထားကနေ အချိန်ကာလ အကန့်အသန့်နဲ့ အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်းစစ်ရပ်စဲရေး၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေးပန်းတိုင်ဆီ ဆက်လျှောက်မှ ခရီးပေါက်မယ်လို့ထင်ပါတယ်။ နှစ်သစ်မှာ အကောင်းမြင်နိုင်အောင်ကြိုးစားရင်း ရန်ကုန်မြို့ရဲ့ အနိမ့်အမြင့် မညီမညာဖြစ်နေတဲ့ ပလက်ဖေါင်းပေါ် မှာ တယောက်ထဲ လမ်းလျှောက်ရင်း ကိုကြီးအောင်ရဲ့ “အပြန်လမ်းကြောင်းမရှိဘူး။ အသွားခရီးဘဲရှိတယ်” ဆိုတာကို ထပ်ပြီးသတိရနေတယ်။ လိုချင်တဲ့ ခရီးပေါက်ဘို့ ရှေ့ဆက် လမ်းလျှာက် ဘို့လိုပါတယ်။
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment